Sunday, August 24, 2014

MRTV Set Top Box သုံးသိန်းကျော် အခမဲ့ ဖြန့်ဝေမည်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV သည် ၁၉၈ဝ ပြည့်နှစ်မှစ၍ Analouge စနစ်ဖြင့် ထုတ်လွှင့်ခဲ့ရာ ၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှ စတင်ကာ Digital စနစ်ဖြင့် ပြောင်းလဲထုတ်လွှင့်လျက်ရှိရာ Digital Set Top Box ပေါင်း ၃ဝ၄,၉၄၄ လုံးကို အခမဲ့ ဖြန့်ဝေပေးသွားမည်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောသည်။
Digital စနစ်သို့ ပြောင်းလဲ ထုတ်လွှင့်ရန် အောက်တိုဘာလ ၁၂၊ ၁၃၊ ၁၄ ရက်တို့တွင် နိုင်ငံပိုင်သတင်း စာများမှ ကြေညာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပြောင်းလဲထုတ်လွှင့်သည့်အခါ Digital Set Top Box မရှိ၍ မကြည့် နိုင်ဟု အခွင့်အရေး မဆုံးရှုံးအောင်ပံ့ပိုးသင့်သူကို ပံ့ပိုးနိုင်ရန်အတွက် MMRD ကုမ­္ပဏီကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ဟင်္သာတတို့တွင် လူတွေ့စစ်တမ်း ကောက်ယူစေခဲ့သည်။ ထိုသို့ စစ်တမ်းကောက် ယူအပြီးတွင် တစ်လ တစ်သိန်းခွဲအောက် ဝင်ငွေရှိကာ TV ပိုင်၊သစ်သားအိမ်၊ သက်ကယ်၊ ဝါး၊ ဓနိမိုး နေသူများ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ Public Places၊ မိဘမဲ့ကျောင်း၊လူအိုရုံ၊ မသန်စွမ်းအသင်း၊ ပြည်သူ့စာကြည့်တိုက်၊ တက္ကသိုလ်၊ ကောလိပ်နှင့် သာရေးနာရေးအသင်းများသို့ Digital Set Top Box များကို အခမဲ့ ဖြန့်ဝေ ပံ့ပိုးပေးသွားမည်ဟုသိရသည်။
”ပထမအဆင့်နဲ့ ဒုတိယအဆင့်မှာ စက်ရုံ ၂၅ ရုံမှာ ၃ဝ၄,၉၄၄ လုံးကို အခမဲ့ ဖြန့်ဝေပေးသွားမှာဖြစ်ပါ တယ်။ ပထမအဆင့်မှာ လူမှုအသိုက်အဝန်း ၉,၉၃၄ ၊ အိမ်ထောင်စု ၂၉,၈၂၆ နဲ့ ဒုတိယအဆင့်မှာ လူမှုအသိုက် အဝန်း ၈၁,၉၃ဝ၊ အိမ်ထောင်စု ၁၈၃,၂၅၄၊ စုစုပေါင်း လူမှုအသိုက်အဝန်း ၉၁,၈၆၄ နဲ့ အိမ်ထောင်စုပေါင်း ၂၁၃,ဝ၈ဝ အတွက် Digital Set Top Box ပေါင်း ၃ဝ၄,၉၄၄ လုံးကိုနိုင်ငံတော်က အခမဲ့ ပံ့ပိုးပေးတာဖြစ်ပါ တယ်။ ဒီအရေအတွက်ကိုကြည့်ရှုနိုင်မယ့် လူဦးရေဟာ ၃၉ ဒသမ ၈ သန်းခန့် ရှိနေပြီး ဒီအရေအတွက်ဟာ နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ရှိနေပါတယ်။ သူတို့တွေဟာ၂ဝ၁၄ အတွင်း Digital စနစ်ကိုကြည့်ရှုခံစား နိုင်မှာဖြစ်ပြီးတော့ ဒါဟာအလွန်ကောင်းတဲ့ အလားအလာဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ်ဦးတင့်ဆွေက ပြောသည်။
Digital Set Top Box များဝယ်ယူရန် ၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် တင်ဒါခေါ်ယူခဲ့ရာ ပြည်တွင်းရှိ Kaung Thant Kyaw Co.,Ltd က Digital Set Top Box တစ်လုံး ၁၄ ဒသမ ၇ ဒေါ်လာဖြင့် ဈေးအနည်း ဆုံးသွင်းနိုင်သဖြင့် တင်ဒါအောင်မြင်ခဲ့သည်။
Digital Set Top Box အလုံးပေါင်း ၃၃၅,ဝဝဝ အတွက် အမေရိကန် ဒေါ်လာ ၄,၉၂၄,၅ဝဝ ပေး၍ ဝယ်ယူသွားမည်ဖြစ်ကာ ယင်းတို့အနက် ၃ဝ၄,၉၄၄ လုံးကို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် Digital စနစ် ပြောင်းလဲခြင်းကို ၂ဝ၂ဝ ပြည့်နှစ် အပြီးဆောင် ရွက်ရာတွင် တစ်နိုင်ငံလုံး Digital စနစ်သို့ ချက်ချင်းပြောင်းလဲစေသည်မဟုတ်ဘဲ အဆင့်ငါးဆင့်ဖြင့် ပြောင်း လဲသုံးစွဲစေမည်ဖြစ်သည်။ အဆင့်တိုင်းတွင် Analouge+Digital (Simulcast)သုံးနှစ် လွှင့်ပေးထားမည်ဖြစ်ကာ သုံးနှစ်ပြည့်မှသာ Analouge Switch Off(ASO) ဖြစ်မည်ဖြစ်သည်။ Simulcast ကာလအတွင်း Digital Set Top Box တစ်လုံး ပိုင်ဆိုင်နိုင်ရန်ပြင်ဆင်ထားသင့်သည်ဟုလည်းဦးတင့်ဆွေက ပြောသည်။
”TV Digital Tuner ပါတဲ့ TV တွေဆိုရင်လည်း Digital Set Top Box မလိုဘဲနဲ့ ဖမ်းယူကြည့်ရှုနိုင်မှာ ပါ။ ဒါပေမယ့် ဒီလိုမျိုး TV တွေကမြန်မာနိုင်ငံရဲ့ ဈေးကွက်ထဲမှာဝင်ရောက်မှုနည်းနေသေးပြီး ဈေးနှုန်းအား ဖြင့်လည်း မြင့်မားနေပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် Set Top Box များအခမဲ့ဖြန့်ဝေမည့် အစီအစဉ်ကိုသာအသိပေးထုတ်ပြန်ခဲ့ပြီး ဈေးကွက် အတွင်း ရောင်းချမည့် အစီအစဉ်အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။ ၂ဝ၁၄ ခုနှစ်တွင် ကုမ္ပဏီအသီး သီးမှ တံဆိပ်အမျိုးမျိုး၊ အရည်အသွေးအမျိုးမျိုး၊ဈေးနှုန်းအမျိုးမျိုးးဖြင့် တင်သွင်းရောင်းချကြမည်ဖြစ်ပြီး ဈေးနှုန်းသတ်မှတ်ချက်ကိုမူ အတိအကျမပြောနိုင်သေးကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောသည်။
စုမွန် (UFL) 
မူရင်းသတင်း

No comments:

Post a Comment